လမ်းလျှောက်ရှုမှတ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားက မတ်တန်းရပ်လျက် ခေါင်းမတ်မတ်၊ ခါးဖြောင့်ဖြောင့်၊ မျက်လွှာကို ချထားရပါမယ်။ မျက်လွှာချတဲ့အခါမှာ အရှေ့ကို လေးထောင် (ဝါ) ခြောက်ပေအကွာကို မြင်ရအောင် ချရပါမယ်။ လက်အနေအထားကတော့ လက်ပိုက်၍ဖြစ်စေ၊ လက်နောက်ပိုက်ပြီး ဘယ်လက်ပေါ်တွင် ညာလက်ကိုဆုတ်ကိုင်၍ဖြစ်စေ ထားချင်ထားနိုင်ပါတယ်။

အခုသရုပ်ပြမှာကတော့ လက်နောက်ပိုက်ထားနည်းနဲ့ ပြမှာဖြစ်ပါတယ်။

မတ်တန်းရပ်ပြီး လမ်းလျှောက်ရန် အသင့်နေအထားဖြစ်ပြီဆိုရင် အခုမှစအားထုတ်သူတွေအတွက် လမ်းလျှောက်ရှုမှတ်ပုံ (၃) နည်းကို ပြောပြမှာဖြစ်ပါတယ်။ ပထမနည်းကတော့ ခြေတစ်လှမ်းကို တစ်ချက်မှတ်နည်းဖြစ်ပါတယ်။ ရှေ့ဦးစွာ (လှမ်းချင်တယ်) ၂ လို့ အရင်မှတ်ရပါမယ်။ ဘယ်ခြေလှမ်းတဲ့အချိန်မှာ ဘယ်လှမ်းတယ်၊ ညာခြေလှမ်းတဲ့အချိန်မှာ ညာလှမ်းတယ် (ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်) စိတ်ထဲက အသံတိတ် ရွတ်ဆိုပြီးမှတ်နေရပါမယ်။ ခြေလှမ်းတဲ့အခါမှာ ခြေဖနောင့်ကနေ စမလှမ်းရပါ၊ မြန်မြန်ဆန်ဆန်မလှမ်းရပါ။

ခြေဖဝါးနဲ့ ခြေဖနောင့် တပြေးညီဖြေးဖြေးချင်းလှမ်းရပါမယ်။ အရှေ့ကိုသွားပြီး အနောက်ကို ပြန်သွားချင်ရင် အရင်ဆုံး (ရပ်တယ် ၂) လို့ မှတ်ပါ။ (လှည့်ချင်တယ် ၂) လို့မှတ်ပါ။ (လှည့်တယ်)။ (ရပ်တယ်၊ လှည့်ချင်တယ်၊ လှည့်တယ်)၃ (ရပ်တယ်၊ သွားချင်တယ်၊ လှမ်းချင်တယ်)၊ ဒုတိယနည်းကတော့ ခြေတစ်လှမ်းကို နှစ်ချက်မှတ်နည်းဖြစ်ပါတယ်။ ဘယ်/ညာ ခြေထောက်ကြွတဲ့အချိန်မှာ (ကြွတယ်)၊ ဘယ်/ညာ ခြေထောက်အောက်ချတဲ့အချိန်မှာ ချတယ် (ကြွတယ်၊ ချတယ်) စိတ်ထဲက အသံတိတ် ရွတ်ဆိုပြီးမှတ်နေရပါမယ်။

တတိယနည်းကတော့ ခြေတစ်လှမ်းကို သုံးချက်မှတ်နည်း ဘယ်/ညာ ခြေထောက်ကြွတဲ့အချိန်မှာ (ကြွတယ်)၊ ဘယ်/ညာ ခြေလှမ်းအချိန်မှာ လှမ်းတယ် ၂၊ ဘယ်/ညာ ခြေထောက်အောက်ချတဲ့အချိန်မှာ ချတယ် (ကြွတယ်၊ လှမ်းတယ်၊ ချတယ်) စိတ်ထဲက အသံတိတ် ရွတ်ဆိုပြီးမှတ်နေရပါမယ်။ နောက်ပိုင်းသမာဓိအားကောင်းလာတဲ့အခါမှာ ခြေတစ်လှမ်းကို သုံးချက်မက အများကြီးမှတ်နိုင်လာပါလိမ့်မယ်။ လမ်းလျှောက်ရှုမှတ်တဲ့အချိန်မှာ တခြားမှတ်စရာ အာရုံတွေပေါ်လာရင် မတ်တပ်ရပ်ပြီး မတ်တပ်ရပ်တဲ့ ရှုမှတ်နည်းနဲ့ မှတ်ပါ။ တခြားရှုမှတ်ဖို့ရာ မရှိတော့မှ ပြန်ပြီး လမ်းလျှောက်ရှုမှတ်ပါ။ ဒီလောက်ဆိုရင် လမ်းလျှောက်ရှုမှတ်အားထုတ်လို့ ရလိမ့်မယ်လို့ထင်ပါတယ်။