ရပ်လျက်ရှုမှတ်ရန် မတ်တပ်ရပ်တဲ့ ခန္ဓာကိုယ်အနေအထားကတော့ ခြေထောက်နှစ်ချောင်းကို အရမ်းကပ်ပြီးမထားပါနဲ့၊ အရမ်းကွာလွန်း၍လည်း မထားပါနဲ့၊ မိမိရဲ့ခြေထောက်အနေအထားဟာ မိမိရဲ့ဟန်ချက်တွေကို ထိန်းနိုင်တဲ့အနေအထားမှာ ထားပါ။ မတ်တပ်ရပ်ရှုမှတ်နည်းမှာ လက်ထားပုံ (၃) နည်းရှိပါတယ်။ ပထမနည်းကတော့ လက်ပိုက်၍ ထားနိုင်ပါတယ်။
ဒုတိယနည်းကတော့ လက်ကိုဘေးကပ်၍ ထားနိုင်ပါတယ်။ တတိယတစ်နည်းကတော့ လက်နောက်ပိုက်ပြီး ဘယ်လက်ပေါ်တွင် ညာလက်ကိုဆုတ်ကိုင်၍ဖြစ်စေ ထားချင်ထားနိုင်ပါတယ်။ အခုသရုပ်ပြမှာကတော့ လက်နောက်ပိုက်ထားနည်းနဲ့ ပြမှာဖြစ်ပါတယ်။ ခေါင်းမတ်မတ်၊ ခါးဖြောင့်ဖြောင့်၊ မျက်လုံးကို မှိတ်ထားရပါမယ်။ မတ်တန်းရပ်ရှုမှတ်ရန် အနေအထား အသင့်ဖြစ်ပြီဆိုရင် ရှေ့ဦးစွာ မတ်တပ်ရပ်နေတဲ့ပုံကို (ရပ်တယ်) လို့ရှုမှတ်ရပါမယ်။
ထိုင်လျက်ရှုမှတ်နည်းနဲ့ အတူတူပါပဲ အသက်ရှုသွင်းလိုက်တဲ့အခါမှာ ဝမ်းဗိုက်ကလေးဖောင်းတက်လာတာကို (ဖောင်းတယ်)၂ လို့မှတ်သိရပါမယ်၊ ဝမ်းဗိုက်ကလေး ပိန်ကျသွားတာကို (ပိန်တယ်)၂ လို့မှတ်သိရပါမယ်။ ဖောင်းတယ်၊ ပိန်တယ် မှတ်တဲ့အခါမှာ စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်ရပါမယ်။ အသံထွက်၍ မမှတ်ရပါ။ ဖောင်းတာ၊ ပိန်တာကို စိတ်ဖြင့် စိုက်ကြည့်နေရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဝမ်းဗိုက်ပေါ် လက်ကလေးတင်ပြီး လက်အရှေ့သို့ရွေ့သွားတာကို ဖောင်းတယ်၊ လက်အနောက်ဘက်ရွေ့သွားတာကို ပိန်တယ်လို့ မှတ်သိနေရပါမယ်။
ဖောင်းတယ်၊ ပိန်တယ်မှတ်နေချိန်မှာ တခြားမှတ်စရာအာရုံတွေ ထင်ရှားဖြစ်ပေါ်လာတဲ့အခါမှာ ထင်းရှားဖြစ်ပေါ်လာသော အာရုံတိုင်းကို စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်နေရပါမယ်။ တခြားမှတ်စရာ အာရုံဆိုတာ မျက်စိဖြင့် ကြည့်စရာ အဆင်းမျိုးစုံ၊ နားဖြင့် နားထောင်စရာ အသံမျိုးစုံ၊ နှာခေါင်းဖြင့် နှမ်းရှုစရာ အနံ့မျိုးစုံ၊ လျှာဖြင့် စားသောက်စရာ အရည်အဖတ်မျိုးစုံ၊ ခန္ဓာကိုယ်ဖြင့် တွေ့ထိစရာမျိုးစုံ၊ စိတ်ဖြင့် သိစရာမျိုးစုံကို ပြောပါတယ်။
ဥပမာ မျက်စိဖြင့် မြင်ရင် (မြင်တယ်) လို့မှတ်ပါ၊ နားဖြင့် ကြားရင် (ကြားတယ်) လို့မှတ်ပါ၊ နှာခေါင်းဖြင့် နံရင် (နံတယ်) လို့မှတ်ပါ၊ လျှာဖြင့် စားသောက်တဲ့အခါ ချိုရင်(ချိုတယ်)၊ ငံရင် (ငံတယ်)၊ ခါးရင် (ခါးတယ်) လို့မှတ်ပါ၊ ခန္ဓာကိုယ်ကလည်း နာရင် (နာတယ်)၊ အောင့်ရင် (အောင့်တယ်)၊ ထိရင် (ထိတယ်) စသည့် ကိုယ်၌ ထင်ရှားဖြစ်ပေါ်ရာတိုင်းကို မှတ်သိနေရပါမယ်။ စိတ်ကလည်း စိတ်ကူးရင် (စိတ်ကူတယ်)၊ ကြံဆရင် (ကြံဆတယ်)၊ စိတ်ဆိုးရင် (စိတ်ဆိုးတယ်)၊ ဝမ်းသာရင် (ဝမ်းသာတယ်) စသည့် စိတ်၌ ထင်ရှား ဖြစ်ပေါ်ရာတိုင်းကို မှတ်သိနေရပါမယ်။ တခြားမှတ်စရာ အာရုံတွေ မရှိတော့တဲ့အချိန်မှာ ဖောင်းတယ်၊ ပိန်တယ် (ဝါ) (ရပ်တယ်) ကိုပဲ ပြန်မှတ်နေရပါမယ်။ တရားမှတ်တဲ့အခါမှာ ရုပ်၊ နာမ် နှစ်ပါးပေါ်၌ သတိကပ်ပြီး စူးစူးစိုက်စိုက်၊ စေ့စေ့စပ်စပ်၊ စိပ်စိပ်ကလေးမှတ်နေရပါမယ်။ ဒီလောက်ဆိုရင် ထိုင်လျက်ရှုမှတ်အားထုတ်ရလိမ့်မယ်လို့ထင်ပါတယ်။