ထိုင်လျက်ရှုမှတ်တော့မယ်တော့ဆိုရင် ခေါင်းကိုမတ်မတ်ထားပါ။ ခါးဖြောင့်ဖြောင့်ထားပြီး၊ တင်ပလ္လင်ခွေထိုင်ပါ။ တပလ္လင်ခွေ ထိုင်တဲ့အခါမှာ ခြေထောက်ကို ထပ်ကာ၊ ဆင့်ကာမထားပါနဲ့ ရှေ့နောက် ယှဉ်ထားရပါမယ်။ ကျန်းမာရေးမကောင်းသူများ မိမိအဆင်ပြေသလို ထိုင်နိုင်ပါတယ်။ ထိုင်လျက်ရှုမှတ်နည်းမှာ လက်ထားတဲ့နည်း (၃) နည်းရှိပါတယ်။

ပထမနည်းကတော့ ဘယ်လက်ပေါ်တွင် ညာလက်တင်ပြီး လက်မထိပ်ချင်း ထိထားရမည်။ ဒုတိယနည်းကနေတာ့ ဘယ်ဘက်လက်ကို ဘယ်ဘက်ဒူးပေါ်မှာတင်၊ ညာဘက်လက်ကို ညာဘက်ဒူးပေါ်မှာတင်ထားလိုက တင်ထားနိုင်ပါတယ်။ တတိယနည်းကတော့ ခြေချင်းဝတ်တွင် လက်မှောက်ယှဉ်ပြီးလည်း ထားချင်ထားနိုင်ပါတယ်။ ဤလက်ထားနည်း (၃) နည်းထဲမှ မိမိနှစ်သက်ရာ နည်းကို ထားလို့ရပါတယ်။ အများအားဖြင့်တော့ ပထမနည်းနဲ့ ထားကြပါတယ်။

ထိုင်တဲ့နေအထား အသင့်ဖြစ်ပြီဆိုရင် ပထမဦးစွာ မျက်လုံးမှိတ်၍ စိတ်ကို ဝမ်းဗိုက်ပေါ်မှာ စိုက်ပြီးထားရပါမယ်။ အသက်ရှုသွင်းလိုက်တဲ့အခါမှာ ဝမ်းဗိုက်ကလေးဖောင်းတက်လာတာကို (ဖောင်းတယ်)၂ လို့မှတ်သိရပါမယ်၊ ဝမ်းဗိုက်ကလေး ပိန်ကျသွားတာကို (ပိန်တယ်)၂ လို့မှတ်သိရပါမယ်။ ဖောင်းတယ်၊ ပိန်တယ် မှတ်တဲ့အခါမှာ စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်ရပါမယ်။ အသံထွက်၍ မမှတ်ရပါ။ ဖောင်းတာ၊ ပိန်တာကို စိတ်ဖြင့် စိုက်ကြည့်နေရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဝမ်းဗိုက်ပေါ် လက်ကလေးတင်ပြီး လက်အရှေ့သို့ရွေ့သွားတာကို ဖောင်းတယ်၊ လက်အနောက်ဘက်ရွေ့သွားတာကို ပိန်တယ်လို့ မှတ်သိနေရပါမယ်။

ဖောင်းတယ်၊ ပိန်တယ်မှတ်နေချိန်မှာ တခြားမှတ်စရာအာရုံတွေ ထင်ရှားဖြစ်ပေါ်လာတဲ့အခါမှာ ထင်းရှားဖြစ်ပေါ်လာသော အာရုံတိုင်းကို စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်နေရပါမယ်။ တခြားမှတ်စရာ အာရုံဆိုတာ မျက်စိဖြင့် ကြည့်စရာ အဆင်းမျိုးစုံ၊ နားဖြင့် နားထောင်စရာ အသံမျိုးစုံ၊ နှာခေါင်းဖြင့် နှမ်းရှုစရာ အနံ့မျိုးစုံ၊ လျှာဖြင့် စားသောက်စရာ အရည်အဖတ်မျိုးစုံ၊ ခန္ဓာကိုယ်ဖြင့် တွေ့ထိစရာမျိုးစုံ၊ စိတ်ဖြင့် သိစရာမျိုးစုံကို ပြောပါတယ်။ ဥပမာ မျက်စိဖြင့် မြင်ရင် (မြင်တယ်) လို့မှတ်ပါ၊ နားဖြင့် ကြားရင် (ကြားတယ်) လို့မှတ်ပါ၊ နှာခေါင်းဖြင့် နံရင် (နံတယ်) လို့မှတ်ပါ၊ လျှာဖြင့် စားသောက်တဲ့အခါ ချိုရင်(ချိုတယ်)၊ ငံရင် (ငံတယ်)၊ ခါးရင် (ခါးတယ်) လို့မှတ်ပါ။

ခန္ဓာကိုယ်ကလည်း နာရင် (နာတယ်)၊ အောင့်ရင် (အောင့်တယ်)၊ ထိရင် (ထိတယ်) စသည့် ကိုယ်၌ ဖြစ်ပေါ်ရာကို မှတ်သိနေရပါမယ်။ စိတ်ကလည်း စိတ်ကူးရင် (စိတ်ကူတယ်)၊ ကြံဆရင် (ကြံဆတယ်)၊ စိတ်ဆိုးရင် (စိတ်ဆိုးတယ်)၊ ဝမ်းသာရင် (ဝမ်းသာတယ်) စသည့် စိတ်၌ဖြစ်ပေါ်ရာကို မှတ်သိနေရပါမယ်။ တခြားမှတ်စရာ အာရုံတွေ မရှိတော့တဲ့အချိန်မှာ ဖောင်းတယ်၊ ပိန်တယ် ကိုပဲ ပြန်မှတ်နေရပါမယ်။ တရားမှတ်တဲ့အခါမှာ ရုပ်၊ နာမ် နှစ်ပါးပေါ်၌ သတိကပ်ပြီး စူးစူးစိုက်စိုက်၊ စေ့စေ့စပ်စပ်၊ စိပ်စိပ်ကလေးမှတ်နေရပါမယ်။ ဒီလောက်ဆိုရင် ထိုင်လျက်ရှုမှတ်အားထုတ်ရလိမ့်မယ်လို့ထင်ပါတယ်။