ဝိပဿနာအလုပ်ဆိုတာက ပုံမှန်နေရင်း၊ ပုံမှန်အလုပ်တွေ လုပ်ကိုင်ရင်း အားထုတ်ရတာမျိုးပါ။ အလုပ်လုပ်ရင်း အားထုတ်ရင် အလုပ်လည်း မပျက်၊ တရားလည်း မပျက်ပါဘူး။

ဘုန်းကြီးတို့ ဥပမာအားဖြင့်ပြောရရင် ပန်းကန်ဆေးရင်း ရှုမှတ်မယ် ဆိုပါတော့။ ဆေးဖို့ကြောဖို့ အိုးခွက်ပန်းကန်တွေကို လှမ်းယူလိုက်ရင် လှမ်းယူတဲ့အချိန်မှာ ရှုမှတ်နိုင်ပါတယ်။

လှမ်းလိုက်တဲ့လက်ကို အာရုံပြုရင်း ရွေ့သွားတဲ့သဘော တွန်းသွားတဲ့သဘောတွေကို တွေ့မှာပါ။ရွေ့သဘော၊ တွန်းသဘောရုပ်ကို ရှုမှတ်နိုင်ပါတယ်။ ရုပ် ရုပ်လို့ ရှုရင်း လှမ်းယူလို့ရပါတယ်။

အိုးခွက်ပန်းကန် စတာတွေနဲ့ လက်နဲ့ ထိမိရင် ပူသဘော၊ အေးသဘော မာသဘောတွေ ထင်ရှားပါတယ်။ ရုပ်လို့ ရှုမှတ်ပါ။

ကိုင်လိုက်ချိန်မှာ လေးသဘောကို တွေ့ပါတယ်။ ရုပ်လို့ မှတ်နိုင်ပါတယ်။

ပွတ်တိုက်ဆေးကြော နေခိုက်မှာလည်း မိမိရဲ့လက်မှာ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားသဘော၊ တင်းလျော့သဘော၊ ရေနဲ့ထိနေလို့ အေးနေ နွေးနေတဲ့သဘော၊ အိုးခွက်ပန်းကန်တို့ရဲ့ ကြမ်းသဘော၊ နုသဘောတွေကို ရုပ်လို့… နှလုံးသွင်းနိုင်ပါတယ်။

ဒါမှမဟုတ်…

ပေါ်တိုင်းပေါ်တိုင်းသော သဘောတရားတို့ကို သိနေတဲ့ အသိကို နာမ် နာမ်လို့ ရှုမှတ် နှလုံးသွင်းနေလို့ ရပါတယ်။

အဲဒီလို လုပ်ကိုင် ရှုမှတ်သွားရင် အလုပ်လည်း ဖြစ် တရားလည်း ဖြစ်ပါတယ်။

တရားရှုနေလို့ဆိုပြီး လုပ်နေကျ အလုပ်တွေကို တမင်တကာ နှေးနှေးကွေးကွေး လုပ်နစေရာမလိုပါဘူး။
ပုံမှန်လုပ်ကိုင်ရင်း သတိကပ် ရှုမှတ်ရမှာပါ။

ရှုစရာ မှတ်စရာ အရှုခံတရားတွေက အမြဲတမ်းရှိပါတယ်။ အရှိတရားကို အသိတရားနဲ့ ကပ်လာတာ
နှလုံးသွင်းနေတာဟာ တရားအလုပ် လုပ်တာပါ။

❋ ထမင်းဟင်းချက်ရင်း

မထေရိကာဟာ အိမ်ထောင်တာဝန်ထမ်းရင်း တရားကိုပါ မမေ့ မပျောက်အောင် အမြဲတမ်း အားထုတ်နေပါတယ်။

ဒီလိုနဲ့ တစ်နေ့ကျတော့  အိမ်သူအိမ်သားတွေ စားဖို့အတွက် ဟင်းရွက်ကြော်ပါတယ်။ ဟင်းရွက်တွေ လှီးဖြတ်စဉ်
ခြွေစဉ်မှာလည်း အရှုအမှတ်တရားနဲ့ ပါ။ မီးဖိုမှာ မီးမွှေးချိန်၊ ဖိုပေါ် ဒယ်အိုးတင်ချိန်၊ ဒယ်အိုးထဲကို ဟင်းရွက်တွေ
ထည့်ချိန်မှာလည်း ရှုမှတ်ရင်းနဲ့ပါ။

သတိကပ်ထားတော့ ဘာကို လုပ်နေ လုပ်နေ ရုပ်နာမ်သဘောတွေဟာ သူ့ဥာဏ်မှာ ထင်းနေရင်း
နေပါတယ် ။ အသိဥာဏ်တွေ ရင့်ကျက်ချိန် ရောက်နေပြီဆိုတော့ အိုးထဲက ဟင်းရွက်တွေကိုကြည့်ရင်း ဓမ္မအမြင်တွေ
ကြည်လင်လာပါတယ်။

အပူရှိန်ကြောင့် ဟင်းရွက်တွေ အဆင့်ဆင့်ပြောင်းလဲသွားပုံ မတည်မြဲပုံတွေ တွေ့လာပါတယ်။

စိမ်းစိုရာက အပူရှိန်ကြောင့် ညိုမည်းသွားတာ၊ လန်းဆန်းရာက ညှိုးနွမ်းသွားတာတွေ၊ အရောင်အဆင်း ပြောင်းသွား၊ ပုံသဏ္ဍာန် အနေအထား ပြောင်းသွားတာတွေကို မြင်လိုက်ချိန်မှာ အသိဥာဏ်ပွင့်သွားပါတယ်။

အတည်မြဲတဲ့ အနိစ္စပါလား၊ ဖောက်ပြန်ပြောင်းလဲမှုတို့နဲ့ နှိပ်စက်ခံရတဲ့ ဒုက္ခပါလား၊ ကိုယ့်သဘောမပါတဲ့ အနတ္တပါလား၊ လို့…
ခန္ဓာထဲက ရုပ်နာမ်အစဉ်ကိုပါ သိမြင် ရှုပွားလိုက်တဲ့အခါမှာ ဟင်းရွက်ကြော်ရင်း အနာဂါမိမဂ်အနာဂါမိဖိုလ်ကို
ရရှိကာ အနာဂါမ် ဖြစ်သွားပါတယ်။ အိမ်ရှင်မတွေအတွက် အတုယူစရာပါ …။

ထမင်းဟင်းချက်ရင်း မီးဖိုချောင်မှာ တရားနဲ့ နေလို့ရတယ်။ တရားရှာနိုင်တယ်လို့ မထေရိကာ နမူနာ ပြသွားပါတယ်။

❋ ကိုယ်ခန္ဓာရှိတော့

သူသူငါငါ သတ္တဝါတိုင်းမှာ ဒီခန္ဓာကိုယ်ကြီး ရလာတဲ့အချိန်ကစပြီး ခန္ဓာတာဝန်ထမ်းကြရပါတယ်။ မနက်မိုးလင်း အိပ်ရာက
ထပြီဆိုရင် သန့်ရှင်း စင်ကြယ်စေဖို့ မျက်နှာသစ်ပေးရပါတယ်။

ပူအိုက်ရင် ရေချိုးပေးရပါတယ် ဆာလောင်တယ်ဆိုရင် အစာ စားပေးရပါတယ်။ ညောင်းညာတယ်ဆိုရင် လမ်းလျှောက်ပေးရပါတယ်။
နေထိုင်မကောင်းဘူးဆိုရင် ဆေးဝါးမှီဝဲပေးရပါတယ်။ တစ်နေကုန် အလုပ်ရှုပ်နေကြတာဟာ ခန္ဓာတာဝန်ကို ထမ်းနေရတာပါ။

နေ့စဉ် လုပ်ကိုင်နေရတာတွေဟာ ကိုယ်ခန္ဓာ သက်သာရေး ချမ်းသာရေးပါ။ မဖြစ်မနေ ထမ်းဆောင်ရတဲ့ ခန္ဓာတာဝန်ကြီး ကျေပွန်အောင်
ထမ်းဆောင်ရင်း ခန္ဓာထဲက အမြတ်ထုတ်နိုင်တာ ကုသိုလ်တရားပါ။

ဒါန, သီလ, ဘာဝနာလို့ ကုသိုလ်သုံးမျိုးမှာ ငွေကုန်ကြေးကျလည်းမရှိ သက်သက်သာသာနဲ့ မပင်မပန်းဘဲ ရနိုင်တာက
ဝိပဿနာဘာဝနာ ကုသိုလ်ပါ။

ခန္ဓာကိုယ်ကို အရင်းတည်ပြီး ဝိပဿနာကုသိုလ် အရယူနိုင်ရင် ကိုယ့်အတွက် အမြတ်ထွက်ပါတယ်။

ဓမ္မဒူတဆရာတော်
ဒေါက်တာ အရှင်ပညိဿရ ၏
“တရားနဲ့ နေပါ” စာအုပ်မှ
ကူးယူပူဇော်ပါသည်။