လောကကြီးတစ်ခုလုံးကို နားလည်တယ်ဆိုတာ ဘုရားကလွဲလို့ ဘယ်သူ့မှာမှမဖြစ်နိုင်ပါဘူး။
အရှင်သာရိပုတြာမထေရ်မြတ်ကြီးဆိုတာက ဘုရားရှင်ရဲ့ လကျင်္ာရံအဂ္ဂသာဝကတစ်ပါး။
ဉာဏ်ပညာအရာမှာ ဘုရားရှင်ကိုဖယ်ထားရင် သူအမြတ်ဆုံး။
သို့သော်လည်း ဝေနေယျတွေရဲ့ စရိုက်နဲ့ အလိုကိုတော့ အရှင်သာရိပုတြာမထေရ်မြတ် သိတော်မမူပါဘူး။
ဒါကြောင့် ပုဂ္ဂိုလ်နဲ့ ကမ္မဋ္ဌာန်း ကိုက်ညီအောင် မပေးနိုင်ခဲ့တဲ့အခါ ဘုရားရှင်ကသာ ကမ္မဋ္ဌာန်းပြောင်းပေးခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်။
သို့သော်လည်း ဉာဏ်ကြီးတဲ့အတွက်ကြောင့် ဝေနေယျပေါင်းများစွာရဲ့ အကျိုးကိုတော့ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။
အဓိကကတော့ မထေရ်မြတ်ကြီးရဲ့ သတ္တဝါတွေကို ချမ်းသာစေချင်တဲ့ မေတ္တာတရားပါ။
လူတိုင်းကိုတော့ မကယ်နိုင်ခဲ့ပေမဲ့ လူများစွာအတွက်တော့ တန်ဘိုးကြီး ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးပါ။ ပုဂ္ဂိုလ်တစ်ယောက်ချင်းရဲ့ ပါရမီ၊ စရိုက်စတာတွေနဲ့ မကိုက်ညီရင်သာနေမယ် ယေဘုယျအားဖြင့် သာသနာအတွက် အားထားခဲ့ရတဲ့ အဂ္ဂသာဝကကြီးတစ်ပါးဆိုတာကတော့ ငြင်းလို့မရပါဘူး။
လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပဲ များစွာသော ကွဲပြားသော လူတွေရဲ့အလိုတွေကို တစ်ဦးတစ်ယောက်ထဲက ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်တဲ့အချက်ပါ။ လူတိုင်းရဲ့ ပြဿနာကို တစ်ဦးတစ်ယောက်ထဲက အဖြေရှာပေးဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို မေးခွန်းမေးသင့်ပါတယ်။ ငါဆိုရင်ရော ဖြေရှင်းပေးနိုင်သလားဆိုတဲ့မေးခွန်းပေါ့။
သေချာတာကတော့ လူများစွာရဲ့ ပြဿနာက စိတ်ကြောင့်ဖြစ်တဲ့ပြဿနာပါ။ အဲဒီစိတ်ရဲ့ အစွဲ၊ အလွဲတွေနဲ့ ထင်ယောင်ထင်မှားတွေကနေ ပြဿနာကို နှိုးဆွပေးလိုက်တော့တာပါပဲ။ ပျက်စီးလွယ်၊ ပြောင်းလဲလွယ်တဲ့ အရာတစ်ခုအပေါ်မှာ အတည်အတံ့လို့ ထင်နေမြင်နေတဲ့စိတ်က ကိုယ့်ကိုဒုက္ခပေးတော့တာပါပဲ။ ငါစိတ်ကလည်း အပါယ်အထိတွန်းချတတ်ပါတယ်။
ပြဿနာတွေများစွာ၊ ဒုက္ခတွေများစွာရှိနေတဲ့အထဲမှာ စိတ်ပြဿနာ၊ စိတ်ဒုက္ခကို ကုစားနိုင်ရင် ကျန်တာတွေအဆင်ပြေသွားပါလိမ့်မယ်။ ကိုယ့်ဒုက္ခ ကိုယ်နဲ့သာဆိုင်တာကိုတော့ မမေ့ပါနဲ့။ ကိုယ်ကုစားချင်မှ ကုလို့ရတာပါ။ သူများကုပေးလို့မရဘူးဆိုတာ ကိုယ့်ကိုယ်ကိုသိကြပါတယ်။ ဒီတော့ စိတ်ကိုကုတော့မယ်ဆိုရင် ပထမဆုံး ဘက်မလိုက်တဲ့ အမြင်ရှိလာဖို့ အရင်ကြိုးစားပါ။ ကိုယ်မှန်တယ်၊ သူမှန်တယ်တွေ ဇွတ်ငြင်းပြောတတ်တာတွေရှောင်ပါ။
အဲဒီအဆင့်ကစပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးပါ။ ဘက်မလိုက်ပဲ အမှန်အတိုင်း နားလည်ပြီလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်လိုက်ပါ။ ကိုယ့်ရဲ့ သုံးသပ်ချက်ဟာ မလိုစိတ်ကြောင့်ဖြစ်တဲ့ သုံးသပ်မှုလား၊ ကိုယ့်လူမလို့ သာသာထိုးထိုး သက်သက်ညှာညှာ သုံးသပ်ထားတာလား သေချာအောင်လုပ်ပါ။
သူကမှားတယ်ဆိုရင် ကိုယ်ကရောမှန်သလား။ ကိုယ်ကမှန်တယ်ဆိုရင်ရော သူကမှားနေလို့လား။ သူ့ဆီကလိုချင်တာတွေ ကိုယ့်ဆီမှာရောရှိသလား။ သူ့ဆီမှာ မြင်ချင်တာတွေ ကိုယ့်ဆီမှာရောမြင်ရနိုင်သလား။ ကိုယ်နားမလည်ဘူးဆိုတာ နားမလည်ချင်ယောင်ဆောင်နေတာလား။ အပြစ်တွေမြင်မိနေတာက ကောင်းကွက်တွေကို မကြည့်လို့လား။ ကိုယ့်ခံစားချက်က သူ့မှာတာဝန်ရှိတယ်ထင်ရင် သူ့ခံစားချက်တွေကိုရော ကိုယ်ကတာဝန်ယူဖူးသလား။ သူကယုတ်မာတယ်ဆိုရင် ကိုယ်ကသူတော်စင်လား။ ကိုယ်ကကောင်းလွန်းတယ်ထင်နေရင် သူကရော ယုတ်မာနေလို့လား။
ဒီမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။ တစ်ဖြည်းဖြည်းနဲ့ လောကကို နားလည်လာပါလိမ့်မယ်။ ကိုယ့်မှာရှိတဲ့ ပြဿနာတွေလည်း ပြေလျော့လာပါလိမ့်မယ်။
လူသားအားလုံး စိတ်၏လှည့်စားမှုပြဿနာတွေကနေ လွတ်မြောက်နိုင်ကြပါစေ။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။