★ ကိုယ့်စိတ်ကိုကိုယ်သိအောင်၊ ကိုယ့်အီမိုရှင်း (emotion) ကိုယ်သိအောင်၊ ဘယ်လိုလုပ်ရမှာတုန်းဆို ပထမဆုံးအနေနဲ့ကတော့ မိမိ ဝင်လေထွက်လေကို တစ်မိနစ် နှစ်မိနစ်ခန့် အာရုံပြုပါ၊ သတိလေးကပ်ပြီး သိနေပါ။ Breathing in and breathing out with awarness – ၀င်လေထွက်လေ ရှူရှိုက်တဲ့အခါမှာ ၀င်လေ ၀င်သွားတာကို သတိလေးကပ်ထား။
၀င်လေ ၀င်နေတယ်။ ထွက်လေရှူတဲ့အခါမှာ ထွက်လေ ရှူတာလေးကို သတိလေးကပ်ထားတယ်။
၀င်လေ… ထွက်လေ
ရိပ်သာမဝင်ဖူးတဲ့ပုဂ္ဂိုလ်ဆိုရင် ၀င်လေ ၁, ၂, ၃, ၄, ၅..
★ အဲဒီလို ဖြေးဖြေးသာသာ ညင်ညင်သာသာလေး အသက်ကိုရှူသွင်းပြီးတော့ ၁ ကနေ ၅ အထိ တစ်ချက်အသက်ရှူရင်၊ တစ်ချက်ရှူသွင်းရင် ၁ ကနေ ၅ အထိ ရေတွက်လိုက်။ ပြန်ပြီးတော့ ရှူထုတ်တဲ့အခါမှာ ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် ရှူထုတ်ပါ။
၀င်လေ… ထွက်လေ
★ အများကြီး မဟုတ်ပါဘူး။ တစ်မိနစ် မပြောပါဘူး၊ စက္ကန့်ပိုင်းပါပဲ ၁၀-စက္ကန့်လောက်ဆိုရင် ဒါ ၀င်လေထွက်လေ သုံးကြိမ် လေးကြိမ်လောက် ရနိုင်တယ်။
★ အဲဒီလိုရတာနဲ့ ကိုယ်ဘာတွေရလာတုန်းဆိုတော့ ကိုယ့်မှာရှိတဲ့ စိုးရိမ်စိတ်တွေ၊ ကိုယ့်မှာရှိတဲ့ ခန္ဓာကိုယ် ပင်ပန်းမှုတွေ၊ ကြောက်စိတ်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ပင်ပန်းမှုတွေ၊ အဲဒါတွေကို တွေ့ရလိမ့်မယ်။
★ အဲဒီလို တွေ့တဲ့အခါမှာ အဲဒီလိုတွေ့တဲ့အခါမှာ အဲဒီကြောက်စိတ်ကို လျစ်လျူမရှုပါနဲ့။ မသိချင်ယောင်ဆောင်တာ မလုပ်ပါနဲ့။ သူ့ကို အသိအမှတ်ပြုလိုက်ပါ။ ဒါ စိုးရိမ်တဲ့စိတ်လေးပါ။
စိုးရိမ်တဲ့စိတ်ပါ။ စိုးရိမ်တဲ့စိတ် ဖြစ်နေတယ်။
အဲဒီလို အသိအမှတ်ပြုပြီးရင် ၀င်လေထွက်လေဆီ ပြန်သွားပါ။
★ ဒီကြားထဲမှာ ကြောက်စိတ်တွေ ဖြစ်နိုင်တယ်။ မိသားစုအတွက်ကြောက်တာ၊ စားသုံးကုန်တွေ ပြတ်လပ်သွားမလား ဆိုပြီးတော့ စိုးရိမ်တာ။ ဘယ်နေရာမှာ ဘယ်သူက ရောဂါပိုး သယ်လာမှာတုန်းဆိုပြီးတော့ စိုးရိမ်တာ။
★ အချင်းချင်းကို သံသယနဲ့ကြည့်နေကြရတာ ဒီနေ့တွေမှာ။ အဲဒါကြောင့် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်နေကြပြီ။ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် ကိုယ်ကသာ သတိမထားမိတာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေတယ်။
ဝင်လေထွက်လေ ကြည့်တဲ့အခါ ကြွက်သားတွေ တင်းနေတာ တွေ့ရလိမ့်မယ်။ အထူးသဖြင့် ဦးခေါင်းတလျှောက်၊ ဦးဏှောက်ပတ်ဝန်းကျင်တလျှောက်၊ ကြွက်သားတွေတင်းနေတာ tension တွေများနေတာ တွေ့ရလိမ့်မယ်။ မျက်နှာတပြင်မှာ ပါးနှစ်ဖက်စလုံး တင်းနေတာ တွေ့ရမယ်။
★ တင်းနေတယ်ဆိုရင် တင်းနေတဲ့ကြွက်သားကို ၀င်လေထွက်လေ ကျကျနနရှူရှိုက်ပြီးတော့ လျော့ပေးပါ။
★ တင်းနေတယ်ဆိုရင် ဒီခန္ဓာကိုယ်က အင်အားအရမ်း အသုံးပြုနေတာ။ ဘာမှ မလုပ်သေးဘူး။ ရောဂါလည်း ဒီလောက်ထိ ကူးတာမဟုတ်သေးဘူး မြန်မာနိုင်ငံအနေနဲ့။
★ ဒီလောက် ကံကောင်းနေသေးတဲ့အချိန်မှာ ဘုန်းဘုန်းတို့က ကိုယ့်ကိုယ်ကိုယ် ကိုယ်ရဲ့ခန္ဓာကိုယ်က ကိုယ့်ရဲ့အင်နာဂျီ (energy)၊ ကိုယ်ရဲ့အင်အားကို အသုံးပြုတာ အရမ်းကိုများသွားရင် တကယ်တမ်း တင်းတင်းကြပ်ကြပ်နဲ့ တောင့်ခံရမယ့် အချိန်ကျတော့ အင်အားတွေ မရှိဘဲဖြစ်လိမ့်မယ်။
★ သူများနိုင်ငံ တနိုင်ငံလုံး အိမ်အပြင်မထွက်ရတဲ့ နိုင်ငံတွေ အများကြီးရှိသွားပြီ။ အိန္ဒိယနိုင်ငံဆိုတာ curfew ကို ထုတ်ထားတယ်။ ဂျာမနီနိုင်ငံမှာဆိုရင် ဒီနေ့ ထုတ်ပြန်လိုက်တာ လူနှစ်ယောက်ထက်ပိုပြီးတော့ မစုဝေးရဘူး။
★ တချို့နိုင်ငံတွေက ဆယ်ယောက်၊ တချို့နိုင်ငံတွေက ဆယ့်ငါးယောက်၊ တချို့နိုင်ငံတွေက အယောက်ငါးဆယ် အဲဒါအများဆုံးပဲ။ အဲဒီတော့ အိမ်မှာနေရတယ်ဆိုတော့ ခါတိုင်းနေတဲ့ ဘဝနေနည်း မဟုတ်တဲ့အခါကျတော့ ဒီလိုအပြောင်းအလဲတွေနဲ့ဆိုတော့ စိတ်ညစ်တာပေါ့။
★ ကလေးတွေ ကျောင်းသွားလို့ မရတော့ဘူး။ အိမ်မှာ ကလေးတွေ စောင့်ရှောက်ရသေးတယ်။ စီးပွားရေးလုပ်ငန်းလည်း လုပ်ရသေးတယ်။ အလုပ်လည်း သွားလို့မရဘူး။ ဒါမျိုးဖြစ်ရင် အကုန်လုံး အနှောင့်အယှက်ဖြစ်တာပေါ့ disruption ဖြစ်တယ်။
★ ဒီလိုအနှောင့်အယှက် ဖြစ်တဲ့ကြားထဲမှာ ကြောက်စရာလန့်စရာ သတင်းတွေ ဘယ်နိုင်ငံမှာ ဘယ်နှစ်ယောက် ဆုံးသွားပြီ။ ဘယ်လောက်ထိ ရှိသွားပြီ၊ အဲဒါမျိုးတွေ နောက်ပြီးတော့ ဆေး ရှာမတွေ့သေးဘူး။
★ ဆေးရှာပြီးတော့ တွေ့မှာ အစောဆုံး တချို့ပြောတာ တစ်နှစ်ခွဲ၊ တချို့ပြောတာ တစ်နှစ်၊ အဲဒါမျိုးတွေ ဖြစ်တယ်ဆိုတော့ အဆိုးမြင်နိုင်စရာ သတင်းတွေကြည့်ပဲ ရောက်လာတယ်။
★ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ကိုယ်ကလည်း စိတ်ဖိစီးမှုအများကြီး ဖြစ်နိုင်တယ်။ တခြားလူလည်းပဲ စိတ်ဖိစီးမှုတွေ အများကြီးဖြစ်နိုင်တယ်။ အဲဒါလေးကို ကိုယ့်ကိုယ်ကိုယ် သတိပေးထားပါ။ ကိုယ်ကလည်း ဒီရောဂါကြီးကြောက်တယ်။ တခြားလူလည်း ကြောက်တယ်၊ ဒါလေးတွေ ကိုယ့်ဟာကိုယ် သတိပေးပါ။
★ အထူးသဖြင့် စိတ်တည်ငြိမ်အောင် အလုပ်လုံးဝမအားဘူးဆိုရင် ဥပမာ ဆရာဝန်တွေ၊ သူနာပြုတွေ ဆေးရုံမှာ မနားတမ်း အလုပ်လုပ်ရတယ်ဆိုရင် နားတဲ့အချိန်လေးမှာ ထမင်းစားတဲ့အချိန်ပဲဖြစ်ဖြစ် ၂မိနစ် ၃မိနစ်လောက် ဝင်လေထွက်လေလေး ခုနတုန်းကပြောတဲ့ အသက်ရှူနည်းလေး ရှူပါ
★ အဲဒီလို ရှူတယ်ဆိုရင် စိတ်တည်ငြိမ်သွားရင် tension တွေ တင်းမာတွေလည်း စိတ်ထဲမှာ လျော့သွားလိမ့်မယ်။ ဒီလိုကြောက်စရာအန္တရာယ်နဲ့ တွေ့ရတဲ့အချိန်မှာ လူတိုင်းက ကိုယ့်အတွက် ရုန်းချင်ကြတာ ဒါ သဘာဝပဲ။ Survival instinct လို့ ခေါ်တာ သိပ္ပံပညာက၊ ဒါပေမဲ့ ဒီဟာက ရှေးတုန်းက သိပ္ပံပညာရှင်တချို့ထင်ခဲ့သလို မဟုတ်ဘူး။
★ သူများကို အခွင့်ကောင်းယူပြီးတော့မှ တခြားလူတွေ ဖြစ်ချင်ဖြစ် “ဘယ်သူသေသေ ငတေမာပြီးရော” အဲဒီ စိတ်ထားပြီးတော့ ကိုယ့်ဟာကိုယ် ကိုယ်လွတ်ရုန်းတာ တကယ်တမ်းကျတော့ မလွတ်ပါဘူးတဲ့။ ကိုယ်လွတ်မရုန်းနိုင်ဘူး။
★ Charles Darwin ကိုယ်တိုင် သူနောက်ပိုင်းရေးထားတဲ့စာအုပ်တွေ သူပြန်ပြီးတော့ပြောတယ်။ သူပြောတာက အချင်းချင်း ကရုဏာစိတ်နဲ့၊ မေတ္တာစိတ်နဲ့၊ ကိုယ်ချင်းစာစိတ်နဲ့ ကူညီတဲ့အသိုင်းအဝိုင်းကမှ၊ အဲဒီအသိုင်းအဝိုင်း တစ်ခုလုံး ကိုယ်လွတ်ရုန်းလိုက်နိုင်တာ။
★ ကိုယ်တစ်ယောက်တည်းကို ရုန်းထွက်သွားတဲ့ပုဂ္ဂိုလ်ဆိုရင် သူ အသက်ရှင်မနိုင်ဘူး။ သူက ကိုယ့်ဟာကိုယ် စိုက်ပျိုးပြီးတော့ စားနေနိုင်တဲ့ပုဂ္ဂိုလ်၊ ဖူလုံတဲ့ပုဂ္ဂိုလ်တောင်မှ သူ နေမကောင်းရင် သူတစ်ပါးဆီက ဆေးတွေလိုအပ်တယ်။
★ ဆေးကုသတတ်တဲ့ ပုဂ္ဂိုလ်ကလည်းပဲ အစားအသောက်တွေ ထုတ်လုပ်တဲ့ပုဂ္ဂိုလ် လိုအပ်တယ်။ ဘုန်းဘုန်းတို့က အချင်းချင်း လိုအပ်နေကြတာ။ အသက်ရှင်ဖို့အတွက်။
★ ဒါကြောင့် #မိမိကိုယ်တိုင် #လုံခြုံဖို့အတွက်ဆိုတာ #တခြားလူပါ #ကိုယ့်အိမ်နီနားချင်းလူတွေပါ #လုံခြုံမှဖြစ်မှာ။
★ ဒါကြောင့် Social distancing ဆိုတာ ကိုယ့်ဟာကိုယ် အိမ်မှာနေကြပါ၊ ပွဲလမ်းတွေ မလုပ်နဲ့၊ ဘာသာရေးအခမ်းအနားတွေရော၊ ရှင်လောင်းပွဲတွေရော မလုပ်နဲ့၊ သင်္ကြန်လည်း မလုပ်နဲ့ဆိုတာက #ကိုယ့်အတွက်လည်း လုံခြုံအောင်၊ #သူတစ်ပါးအတွက်လည်း #လုံခြုံအောင်လုပ်တာ။
★ ရှင်လောင်းမလုပ်ပေမဲ့ ရှင်ပြုချင် ပြုလို့ရတယ်လေ။ လူများများနဲ့ မဟုတ်ဘဲနဲ့ နောက် အကုန်အကျလည်း သိပ်မရှိဘဲနဲ့ ကုသိုလ်လည်း များများရမယ့်နည်း၊ ဒီနည်းရှိပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးတွေ ဘုန်းဘုန်းတို့ငယ်ငယ်ကတည်းက ဒါမျိုးတွေရေးတယ်၊ ဆရာတော်တွေလည်း ရေးတယ်၊ ပြောတဲ့ဆရာတော်လည်း ပြောတယ်။
★ ဆိုင်တွေသွား စားသောက်ဆိုင်တွေသွား အရက်ဆိုင်တွေသွား အဲဒါမျိုးတွေဆိုရင်တော့ ကိုယ့်အတွက်လည်း မလုံခြုံဘူး၊ သူတစ်ပါးအတွက်လည်း မလုံခြုံဘူး။
★ ကြောက်စိတ်ဖြစ်တယ်ဆိုရင် ကြောက်စိတ်ဖြစ်တဲ့ တခြားပုဂ္ဂိုလ်တွေနဲ့ စကားပြောပါ။ နောက် တခြားလူတွေ၊ တခြားနိုင်ငံကလူတွေ သူတို့ကြောက်စိတ် အကြောင်းလည်းပြောပါ။ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာအကြောင်းလည်းတွေးပါ။ အဲဒီလိုလုပ်ရင် မြင်ကွင်းကျယ်မြင်သွားမယ်။
★ #ကိုယ့်ရဲ့ကြောက်စိတ်ကို #သတိတရားက၀င်ပြီးတော့ #ထိန်းသွားပါလိမ့်မယ်။ ကြောက်စိတ်လုံး၀ မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး ဒီအချိန်မှာ။ ကြောက်စိတ်က ရှိနေမယ်။
??♀️??♂️ အဲဒီကြောက်စိတ်ကို သတိတရားလေးနဲ့ ၀င်လေထွက်လေလေးကြည့်ပြီး နည်းနည်းတည်ငြိမ်လာတဲ့ စိတ်လေးနဲ့ ထိန်းပေးပါ။
★ ပြီးရင် ငါတို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ ဒီလို ဒုက္ခခံစားရတာ၊ ငါ့တို့အိမ် တစ်အိမ်တည်းမဟုတ်ဘူး။ ငါတို့ကျောင်း တစ်ကျောင်းတည်း မဟုတ်ဘူး၊ အဲဒီလို ကိုယ့်ဟာကိုယ် သတိပေးပါ၊ သတိရပါ။
★ အထူးသဖြင့် အချိန်လုံး၀ မရှိဘူးဆိုရင် ၂မိနစ် ၃မိနစ် ၀င်လေထွက်လေလေး ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်ပါ။ ပြီးမှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချပါ။
ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
???
(၂၃.၃.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “ကိုရိုနာဗိုင်းရပ်ကြောင့် တွေ့ဆုံနေကြရသော စိတ်ဖိစီးမှုအကြောင်း” တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။